သစ္စာနီ ဘလော့ဂ်..
ဤဘလော့ဂ်သည်- မြန်မာ လူမျိုးတိုင်း သိနားလည် ထားသင့်သော အချက်အလက် တို.ကို စုဆောင်း ဆွေးနွေးတင်ပြသော ဘလော့ဂ် ဖြစ်ပါသည်။
မည်သူ မဆို- မိမိတို့ အမြင်ကို ၀င်ရောက် ဆွေးနွေးခွင့် ရှိပါသည်။ ၀င်ရောက် ဆွေးနွေး ရန်လည်း- အကြံပြုပါသည်။
ဆွေးနွေးခြင်း ဆိုသည်မှာ-
ဆွေးနွေးခြင်း ဆိုသည်မှာ- မိမိတာဝန် မိမိယူလိုသော သဘောဆန္ဒတို့ကို ပိုက်စွဲလျှက်- သူများနှင့် မတိုက်ဆိုင်သော ကိစ္စတို့ကို မည်သို့မည်ပုံ ညှိနှိုင်း၍- အားလုံးလုပ်လိုသော ဆန္ဒ၊ ရည်ရွယ်ချက် တို့ကို ထိထိ ရောက်ရောက် အကောင်အထည်ပေါ်ရန်- ကောင်းမွန်သော ရည်ရွယ်ချက် ဖြင့် ပူးပေါင်းညှိနှိုင်း ကြခြင်း ပင် ဖြစ်ပါသည်။ ကောင်းမွန်သော ရည်ရွယ်ချက် ဆိုရာ၌- မိမိသာ မှန်သည်၊ ဆိုသော ခေါင်းမာ တစ်ယူသန် သော သဘောထား မထားရှိပဲ- မနော တံခါး၊ ဖွင့်ထားခြင်းကို ဆိုလိုပါသည်။
ဤသို.ဆိုလျှင်- ကိုယ့်မြန်မာ လူမျိုးများ၊ တစ်ယောက်ချင်း၊ တစ်ဒေသချင်း ၏ စရိုက် နှင့် အခြေအနေကို နားလည်ရန် လိုလာပါတော့သည်။
ဥပမာ- မြန်မာပြည်မှ- မြို.နယ် တစ်ခု ဖြစ်စေ၊ ကျေးလက် တောရွာ တစ်ခု ဖြစ်စေကို သွားလိုက်ပါ။ “ဒီရွာမှာ- စုပေါင်း စာကြည့်တိုက်လေး တစ်ခု တည်ကြရန်” ဆိုသော အဆိုကို တစ်ဦးက စတင် ပြုလိုက်ပါ။ ရည်ရွယ်ချက်မှာ- ကျေးရွာသူ ကျေးရွာသားများ၏ ဗဟုသုတ အကျိုး ပင်ဖြစ်၏။
အားလုံး၏ တုန့်ပြန်မှုကို လေ့လာကြည့်လိုက်ပါ။အစည်းဝေး တွင် တည်ရောက်သူ လူဦးရေ- ၏
- မည်မျှ သော ရာခိုင်သော ရာခိုင်နှုန်းသည် စိတ်ပါဝင်စားစွာ ဆွေးနွေးပါသနည်း။
- မည်မျှ သော ရာခိုင်သော ရာခိုင်နှုန်းသည် သူများပြောတာကို နားထောင်၍ ခေါင်း ညိမ့်ကာ- ပြန်သွားကြမည်နည်း။
- အကယ်၍ အချို. အနေဖြင့် ဤကိစ္စကို စိတ်ဝင်စားသည် ဆိုပါအံ့- မတူညီသော အမြင်များရှိလာပါက- မည်သို့ မည်ပုံ ဆက်လက်တိုင်ပင်ကြပါသနည်း။
ရလာသော တုန်.ပြန်မှု အနေအထားတို့သည်- မြန်မာ နိုင်ငံ၏ လက်ရှိ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး နယ်ပယ် တို့၏ အခြေအနေကို ဆုံးဖြတ် နေသော အနေအထား တို့ပင် ဖြစ်ပါသည်။
ဆိုကြပါစို့- မြန်မာနိုင်ငံ ဒေသ အသီးသီး၊ ကျေးလက် တောရွာတို.၏ အများစု တို့တွင်- ထိုကဲ့သို့သော- ဆွေးနွေးကြမှုတွင်- အစည်းဝေး တက်ရောက်လာကြသော လူဦးရေ၏ အများစု သည် ရပ်ရွာကိစ္စ-ငါ့ကိစ္စဟု သဘောထားကာ- စိတ်ပါ လက်ပါ ဆွေးနွေးကြပါလျှင်- မြန်မာ နိုင်ငံသည် ယခု လက်ရှိအနေအထားထက် များစွာ ကောင်းမွန်သော နိုင်ငံ အနေအထားသို့ ရောက်ရှိမည် မလွဲပါ။
သို့သော်- အများစုသည်-
- “သူတို့က အစည်းဝေး ခေါ်လို့၊ လာတက်ရတာ- သူတို့ပြောချင်တာကို နားထောင်ပြီးယင်၊ ပြန်တာပေါ့” ဟူ၍လည်းကောင်း၊
- “ငါက- သူတို့လောက်မှ နားမလည်တာ၊ ငါဝင်ပြောလို့ ဘာဖြစ်မှာလဲ” ဟူ၍လည်းကောင်း၊
- “ကိစ္စမရှိပါဘူး၊ အများသဘောတူယင်၊ တူလိုက်တာပေါ့” ဟူ၍လည်းကောင်း၊
- “ရွာထဲက - ဦးဘယ်သူ- က ဘယ်လိုလုပ်မလဲ၊ သူသဘောတူယင်- ငါလည်း သဘောတူ လိုက်တာပေါ့” ဟူ၍လည်းကောင်း၊
- “နောက်နေ့ မနက်စာ ကိစ္စ ရှိသေးတယ်၊ ဒီအစည်းအဝေးက - တစ်မှောင့်” ဟူ၍ လည်းကောင်း။
စသည်တို့ဖြင့်- ကိုယ့်မိသားစု၊ ကိုယ့်တစ်ကိုယ်ကိစ္စကိုသာ အရေးထားတတ်လျှင် ဖြစ်စေ၊ အများယိမ်းလျှင် လိုက်ယိမ်းမည်၊ အများတည့်လျှင် လိုက်တည့်မည် ဟူသော ဝေလေလေ သဘောထားကို ထားနေလျှင် ဖြစ်စေ၊ ကိုယ် အနေဖြင့် အရေးမပါဟူသော အရာမ၀င်သော စိတ်ဓါတ် များ ရှိနေလျှင် ဖြစ်စေ၊ ရလာဒ်မည့် ရလာဒ်တို.မှာ-
- ပထမဦးစွာ- မိမိတို့တွင်- မိမိလိုလားသော ကိစ္စကို တင်ပြခွင့်ရပါသော်လည်း၊ မတင်ပြမှုတို့ကြောင့်- နောင် ထိုလုပ်ငန်းတို့ အကောင်အထည် ပေါ်လာသော အခါ မိမိ လိုလားသော အခြေအနေနှင့် မကိုက်ညီသော အခြေအနေတို့ ပေါ်ပေါက်လာခြင်း။
- ဒုတိယ အနေဖြင့်- အစီအစဉ်ကို စတင် ဆွေးနွေးသူသည်- ပင်လျှင်- အစီအစဉ်ကို အကောင်အထည် ဖေါ်ရသူ ဖြစ်သွားခြင်းကြောင့်- နောက်နောင်တွင် မရိုးသားမှုများ၊ ထိုသူ၏ ပုဂ္ဂလိက အကျိုးစီးပွား ကို ရှေ.ရှုသော လုပ်ရပ်တို့ ပေါ်လာနိုင်ခြင်း။
- ဤသို့ ကိစ္စများသည် အလေ့အကျင့် တစ်ခု အနေဖြင့် - တစ်နည်းအားဖြင့် ယဉ်ကျေးမှု စရိုက်ပုံစံ ဖြင့် ဆက်လက်ဖြစ်ထွန်းလာခြင်းကြောင့်- တစ်ဦးတည်းသော ခေါင်းဆောင်ကို အားကိုးတတ်သော၊ မိမိကိုယ် မိမိ အားမကိုးတတ်သော၊ အနေအထား သို့ရောက်လာပါမည်။ ခေါင်းဆောင် သည်လည်း လူသားပင်ဖြစ်သည်။ သူ့တွင် အတ္တရှိသည်။ သူ့တွင်- အထင်ကြီးခံလို စိတ်ရှိသည်။ သူ့တွင် နေရာရလိုသည့် စိတ်ရှိသည်။ သူ့တွင်လည်း- အခြေအနေ တစ်ခုသို့ တွန်းပို့ ဖိအားပေးတတ်သော မိသားစု - ဇနီး၊ မယား၊ သားသမီး တို့ ရှိသည်။ ထိုအခြေအနေ တို့သည်- တည်ကြည်သော စေတနာမှန် သော ခေါင်းဆောင် အဖြစ်မှ- အကျင့်ပျက်သော သူတစ်ယောက် ဖြစ်လာရန်၊ သို့မဟုတ်- အာဏာရှင် တစ်ဦး ဖြစ်လာရန် တို့ကို ရည်ညွှန်းနေသော အခြေခံ တို့ ဖြစ်သည်။
တစ်ဦးကောင်း၊ တစ်ယောက်ကောင်း ခေါင်းဆောင် ဆိုသည်မှာ- သူရဲကောင်း ၀ါဒ ပင် ဖြစ်သည်။ ကမ္ဘာပေါ်တွင်- ၀ါဒ မျိုးစုံဖြင့်- တော်လှန်ရေး ခေါင်းဆောင်များ ပေါ်လာခဲ့ဘူးသည်။
မည်မျှသော အရေအတွက်ရှိသည့် ခေါင်းဆောင်တို့သည်- နောင် တော်လှန်ရေး တို့ ပြီးဆုံးသွားသော အခါ- ဆက်လက်၍ လူကောင်းတစ်ယောက် အနေဖြင့် ကျန်ရှိနေခဲ့ပါသနည်း။
ထိုသူ အကျင့်ပျက်သွား၍- ထိုသူ တစ်ချိန်က- စွန့်လွှတ် အနစ်နာခံခဲ့မှု၊ ခက်ခဲကြမ်းတမ်း စွာ ကြိုးပမ်းခဲ့ရမှုတို့ကို မျက်ကွယ် မပြုသင့်-
ထိုခေါင်းဆောင် အကျင့်ပျက်သွားရသည်မှာကား- ထိုအခြေအနေ သို့ မရောက်မီ အခြေအနေ ကတည်းက- အဖွဲ့အစည်း အနေဖြင့်- ညီတူမျှတူ- ဆွေးနွေးမှု၊ ညှိနှိုင်းမှု၊ စုပေါင်း ဖြေရှင်းမှု၊ စုပေါင်း လုပ်ဆောင်မှုတို့ အားနည်းပြီး- အားလုံးကို ခေါင်းဆောင် သဘောပါဟု သဘောထား ခဲ့မှုသည် အခြေခံ အကြောင်း တစ်ရပ်ဖြစ်သည်။
လက်တွေ့ မြင်တွေ့ရသည်များမှာ-
ကျောင်းသူ၊ ကျောင်းသားများ စာစုကျက်ကြသည်။ တနည်းအားဖြင့်- ကျောင်းစာကို စုပေါင်း ဆွေးနွေးကြသည် ဆိုပါတော့-
အဆင့်မြင့် ပညာကို လေ့လာ နေကြသည့် - တက္ကသိုလ် အဆင့် ကျောင်းသား၊ ကျောင်းသူ တို့၏ စာဆွေးနွေးပွဲ တို့သည်ပင်လျှင် - မိမိတို့ နားလည် သဘောပေါက်ထားသည်များကို တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ဆွေးနွေးကြရမည့် အစား၊ ပို၍ နားလည်သူ ကျောင်းသား တစ်ယောက် မှ- အားလုံးကို စာရှင်းပြရသည့် အနေအထားသို့ ရောက်သွားသည်။
ဤနေရာတွင်- ဤသို့ ဖြစ်ပေါ်ရသည့် အကြောင်းရင်းမှာ- မိမိကိုယ် မိမိနားလည်သည်ဟု သတ်မှတ် ထားသူ အများစုကလည်း- “စုပေါင်းဆွေးနွေး တာဟာ အချိန်ကုန်တာပဲ- ငါ့ဘာသာ ငါလုပ်တာက ပိုပြီး ထိရောက်တယ်” ဟူသော တစ်ကိုယ်ကောင်းစိတ်၊ Team Work ကို တန်ဘိုးရမှန်း နားလည်မှု မရှိသဖြင့် မတက်ရောက်မှု ကြောင့်လည်းကောင်း၊
"ငါမှ စာမရပဲ- သူများစာရှင်းပြတာကို သွားနားထောင်တာက ပိုကောင်းပါတယ်" ဟူသော မိမိနှင့် ဆိုင်သော တာဝန်ကို မိမိမယူပဲ- အချောင်လိုက်လိုသူတို့ကသာ- ထိုစာဆွေးနွေးပွဲ၊ (စာရှင်းပွဲ) သို့ရောက်လာကြခြင်း တို့ကြောင့် လည်းကောင်း၊ တို့ကြောင့် ဖြစ်သည်။
ထို့ကြောင့်- မိမိကိုယ်ကို မိမိ အမှန်ချစ်လျှင်- မိမိ၏ နောက်မျိုးဆက်တို့ကို အမှန်တကယ် ချစ်လျှင်၊ အမှိုက်ကစ၊ ပြဿဒ် မီးလောင် ဆိုသော- နောက်ဆက်တွဲတို့- ၏ ကောင်းကျိုး၊ ဆိုးကျိုးတို့ကို အမှန် အကန် ဖန်တီးနေသည့် သူမှာ- မိမိကိုယ်တိုင် ဖြစ်နေသည်။ မိမိကိုယ်တိုင်- မိမိဘ၀ ကို ဖန်တီးနိုင်ရေးအတွက် - အများနှင့် ဆွေးနွေးမှုတို့ တန်ဘိုးကြီးမားသည် ဆိုသည်ကို သတိချပ်သင့်လှပါသည်။
အင်မတန်လေးစားမိပါသည်။
ReplyDeleteထိုပိုစ့်ကို အစအဆုံးကူးယူ သိမ်းထားလိုက်ပါသည်။ ဖြန့်ဝေလိုက်ပါမည်။ စာရေးသူအား ကျေးဇူးတင်ပါသည်။
ကိုပခန်း